**အလွယ်ကူဆုံး ငွေကြေး စီမံ ခန့်ခွဲနည်း**
___________________________________
လူတိုင်းဟာ ကိုယ့်ရဲ့ ငွေကြေးတွေကို နည်းအမျိုးမျိုးနဲ့ စီမံ
ခန့်ခွဲနေကြတာပါပဲ . အဲ့ထဲကမှ အရိုးရှင်းဆုံး နည်းလေးတခုကို
ပြောပြချင်ပါတယ် . ခုကတော့ နည်းလေး အရင် ပြောပြပါမယ် . ဒီထဲကအတိုင်း
လိုက်လုပ်တာ မလုပ်တာက နောက်မှပေါ့နော် . ဒီနည်းလမ်းရဲ့ အဓိက
အိုင်ဒီယာကျောရိုးကတော့ ရိုးရိုးလေးပါပဲ . ကိုယ့်ရဲ့ ၀င်ငွေကို ပုလင်း ၆
လုံးထဲ ခွဲထည့်လိုက်ပါ . ( ၀င်ငွေလို့ပြောရာမှာ ကိုယ့်ဆီ ၀င်လာတဲ့ ၀င်ငွေ
အားလုံးကိုဆိုလိုတာပါ . ) . ပုလင်းထဲထည့်ရမယ့် ရာခိုင်နှုန်းကတော့
ကိုယ့်ဘာသာ လိုတိုးပိုလျှော့ ညှိကြည့်ပေါ့လေ . ခု ကျနော် ဒီမှာရေးထားတဲ့
ရာနှုန်းကလည်း သူ့မူရင်းအတိုင်းမဟုတ်ပဲ ကျနော့အတွက် အဆင်ပြေမယ်ထင်ရတဲ့
ရာနှုန်းတခုပေါ့လေ .
.
၁. ငွေကြေးလွတ်မြောက်မှု စုငွေ ( 20 % )
ပုလင်းရဲ့ နာမည် အတိုင်းပါပဲ . ကိုယ့်အတွက် ငွေရေးကြေးရေး ဒုက္ခကနေ
လွတ်မြောက်အောင် လုပ်ပေးမယ့် စုငွေပါ . ပုလင်းတွေမှာ ပထမဆုံးကို ဘာလို့
ဒီပုလင်းနဲ့ စရသလဲမေးစရာရှိပါတယ် . ရှင်းရှင်းလေးပါ . ၀င်ငွေတိုင်းကို
ကိုယ့်ဘာသာကို အရင်ဆုံးပြန်ပေးပါ ( Pay yourself first ) ဆိုတဲ့ rule အရပါ .
ဒီမှာပြောစရာရှိတာက ၀င်ငွေရရင် ကိုယ့်အတွက် ကိုယ်ပေးနေ သုံးနေတာပဲ .
ကိုယ့်ဘာသာ အရင်ဆုံးပေးတာနဲ့ ဘာကွာလဲပေါ့ . သေချာပြန်စဉ်းစားကြည့်လိုက်ပါ .
ဝန်ထမ်းတယောက် လခ ရလာပြီဆိုတာနဲ့ အိမ်ငှားခ . ဖုန်းဘေလ် . အကြွေး စတာတွေ
အရင်ပေးပြီးမှ ကျန်တာ သုံးရပါတယ် . ကျနော်ပြောချင်တာကတော့
ဒါနဲ့ပြောင်းပြန်ပါ . ကိုယ့်အတွက် အရင်ဖယ်ပြီးတော့ ကျန်တာထဲကမှ
ပေးစရာရှိတာပေးပါ . အဲတော့ Pay yourself first ပါ . ရတဲ့ ၀င်ငွေရဲ့ ၂၀
ရာနှုန်း ( ၁၀၀ ၀င်ရင် ၂၀ ) ကို နံပါတ် ၁ ပုလင်းထဲထည့်ပါမယ် . ဒီပုလင်းရဲ့
စည်းကမ်းက တခုထဲပါ . ဒီထဲက ငွေကို ရင်းနှီးမြုပ်နှံတာ ( ကိုယ့်လခ မဟုတ်ပဲ
တခြား ၀င်ငွေရမယ့် လုပ်ငန်းမျိုး . လွယ်လွယ် ဥပမာပြောရရင် အတိုးရအောင်
ဘဏ်မှာထည့်ထားတာ . အကျိုးအမြတ်ရမယ့် ရှယ်ယာတွေ ၀ယ်တာမျိုး ) ကလွဲပြီး
ဘယ်အကြောင်းနဲ့မှ လုံးဝ ( လုံးဝ ) ထုတ်မသုံးရပါဘူး .
.
၂. အချိန်ကြာစုငွေ ( 10 % )
ဒီပုလင်းလေးမှာတော့ ၀င်ငွေရဲ့ ၁၀ ရာနှုန်း ( ငွေ ၁၀၀ ၀င်ရင် ၁၀ )
ကိုထည့်လိုက်ပါ . ဒီပုလင်းလေးရဲ့ ရည်ရွယ်ချက်ကတော့ လုံးခနဲ သုံးရမယ့်
ပစ္စည်းမျိုးတွေ ၀ယ်ဖို့ အတွက် ဖယ်ထားတဲ့ သဘောပါ . ဥပမာ ပေးရရင်
ကိုယ်ခုကိုင်နေတဲံ ဟန်းဆက် လဲချင်တာမျိုး . ၃၂ လက်မ တီဗီ ကနေ ၄၂ လက်မ
ပြောင်းချင်တာမျိုး . စတဲ့ ငွေ လုံးခနဲ့ ကုန်မယ့် အရာတွေအတွက်ပေါ့လေ . ဒါမှ
အာ့တွေ ၀ယ်ဖို့ ငွေလိုလို့ ပထမ ပုလင်းထဲက ငွေတွေ မထိပဲနေလို့ရအောင်ပါ .
.
၃. ပညာစုငွေ ( 10 % )
ဒီပုလင်းလေးမှာလည်း ကိုယ့်ဝင်ငွေရဲ့ ၁၀ ရာနှုန်း ( ငွေ ၁၀၀ ၀င်ရင် ၁၀ )
ကိုထည့်လိုက်ပါ . ဒီပုလင်းလေးကတော့ နာမည်အတိုင်းပါပဲ . ကိုယ့်အတွက်
ပညာသင်ဖို့ပါ . ဒီခေတ်က ပညာခေတ်ဆိုတော့ ပညာဆိုတာ စဉ်ဆက်မပြတ်
သင်ယူနေဖို့လိုပါတယ် . ပညာရွှေအိုး ဆိုသလို သင်တန်းကြေးတွေဆိုတာလည်း
မနည်းလှဖူးမလား . အဲတော့ ဒီလို စုထားနိုင်မှ ကိုယ်တက်ချင်တဲ့ သင်တန်း
သင်ချင်တဲ့ ပညာကို အပူအပင်မရှိသင်နိုင်မှာပါ .
.
ခု ပြောသွားတဲ့
ပုလင်း ၃ လုံးလုံးက ကိုယ့်အတွက်ပေးဖို့ ရည်ရွယ်ပြီး ဖယ်ထား စုထားတဲ့
ပုလင်းတွေပေါ့ . အောက်မှာ နောက်ထပ် ပုလင်း ၃ လုံး အကြောင်း
ဆက်ပြောသွားပါမယ် .
.
၎. သုံးငွေ ( 50 % )
ဒီပုလင်းလေးထဲကိုတော့ ကိုယ့်ဝင်ငွေရဲ့ ၅၀ ရာနှုန်း ( ငွေ ၁၀၀ ၀င်ရင် ၅၀ ) ကိုထည့်လိုက်ပါ .
ပုလင်း နာမည်အတိုင်းပါပဲ . တလတာအတွင်း သုံးဖို့ပါ . ကိုယ့်ရဲ့ အိမ်ငှားခ .
ဖုန်းဘေလ် . အကြွေး . စားသောက်စရိတ် စတဲ့ နေ့စဉ် ကုန်ကျရမယ့် အရာတွေအတွက်
သုံးပါ . တချို့ကတော့ ပြောကြပါလိမ့်မယ် . ရသမျှ လခ အနိုင်နိုင်သုံးရတာ
ဘယ်လိုလုပ် တ၀က်ထဲနဲ့တောင် လောက်အောင် သုံးမလဲပေါ့ . အဖြေကတော့ရှင်းပါတယ် .
ကိုယ့်ဘ၀ကို အရိုးရှင်းဆုံးဖြစ်အောင်နေပါ . ဘယ်လို
အရိုးရှင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတော့ မကုန်သင့်တာ မကုန်အောင်
ချွေတာလို့ရမယ့်နေရာတွေမှာ ချွေတာပါ . ဥပမာ ဖုန်းဘေလ် သက်သာအောင် အင်တာနက်
ဖွဘုတ်လျှော့သုံးတာမျိုးပေါ့ . နောက် ဆိုင်မှာ ၀ယ်မစားပဲ
ချက်စားတာမျိုးပေါ့ . နောက်တနည်းကတော့ ၀င်ငွေတိုးအောင် ဘယ်လိုရှာမလဲ
စဉ်းစားပါ . ဥပမာ အချိန်ပိုင်းအလုပ် နောက်တခု တွဲလုပ်တာမျိုးဖြစ်ဖြစ်ပေါ့ .
.
၅. အပျော်ငွေ ( 5 % )
ဒီပုလင်းလေးထဲကိုတော့ ကိုယ့်ဝင်ငွေရဲ့ ၅ ရာနှုန်း ( ငွေ ၁၀၀ ၀င်ရင် ၅ )
ကိုထည့်လိုက်ပါ . ဒီပုလင်းလေးရဲ့ စည်းကမ်းချက်က တခုထဲပါပဲ . ဒီပုလင်းထဲက
ငွေကို ကုန်အောင် သုံးပစ်ပါ . ဘယ်လိုနေရာမှာ သုံးမလဲဆိုတော့ ကိုယ့်ကို
ကျေနပ်မှု ပေးနိုင်မယ့်နေရာမျိုးမှာ သုံးပစ်လိုက်ပါ . ဥပမာ ကိုယ်က ဂီတကို
ကြိုက်တယ်ဆိုရင် ရှိုးပွဲ သွားကြည့်လိုက်ပါ . ဒါမှမဟုတ်လည်း ကိုယ့်ကို
အဖော်ပြုပေးနိုင်မယ့် အရုပ်တခု ၀ယ်လိုက်တာမျိုးလည်းရပါတယ် . ကိုယ့်ကို
အပျော်တွေပေးမယ့်အရာတွေမှာ သုံးပစ်ပါ . ကိုယ့်ကိုယ်ကို ဆုချတဲ့သဘောပေါ့လေ .
.
၆. အလှူငွေ ( 5 % )
ဒီပုလင်းလေးထဲကိုတော့ ကိုယ့်ဝင်ငွေရဲ့ ၅ ရာနှုန်း ( ငွေ ၁၀၀ ၀င်ရင် ၅ ) ကိုထည့်လိုက်ပါ .
ဒီပုလင်းကလည်း နာမည်အတိုင်းပါပဲ . ဒီထဲက ငွေတွေ အကုန် လှူပစ်ပါ .
ကိုယ်သဘောကျရာနေရာမှာ လှူပစ်ပါ . တနှစ်လုံး စုပြီးမှ လှူချင်လည်း ရပါတယ် .
နေ့တိုင်း လမ်းမှာတွေ့တဲ့ အလှူခံ . သူတောင်းစား စသဖြင့်ကို နည်းနည်းစီ
လှူလည်းရပါတယ် . ငွေရှာတယ်ဆိုတာလည်း သူတပါးကို ကူညီဖို့ပဲ မဟုတ်ဘူးလား .
အဲတော့ အဲလို လှူတာ ပေးတာတွေကနေ ကိုယ့်ကိုယ်ကို လောကအတွက် အထောက်အကူ
ဖြစ်စေပါလားဆိုတဲ့ ပီတိ ရတဲ့အပြင်ကို ကိုယ့်စိတ်ထဲမှာ ငါက
ပေးနိုင်ကမ်းနိုင်တဲ့ ချမ်းသာသူပါလားလို့ ထင်စေနိုင်ပါသတဲ့ .
.
ကဲ .
ပုလင်း ၆ လုံးအကြောင်းတော့ပြောပြီးပါပြီ . ပုလင်းနေရာမှာ စာအိတ်ကို
အစားထိုးသုံးလည်းရပါတယ် . နောက် သတ်မှတ်တဲ့ရာနှုန်းတွေကိုလည်း ကိုယ်နဲ့
အဆင်ပြေမယ့် ရာနှုန်းတခုပြောင်းလဲခွင့်လည်းရှိပါတယ် . ဒီထက်ရိုးရှင်းပြီး
လွယ်တဲ့ နည်းရှိမယ်ဆိုရင်လည်း ပြောင်းသုံးလို့ရပါတယ် ( ကျနော့ကိုတော့
ပြောပြခဲ့ပေးပေါ့နော် ) . ဘာပဲဖြစ်ဖြစ် တလတလ ရသမျှ ငွေ
ဘယ်ရောက်သွားမှန်းမသိတာထက်စာရင်တော့ ဘယ်နေရာမှာ ဘယ်လောက်သုံးလိုက်လဲဆိုတာ
သိရင် လျှော့လို့ရမယ့်နေရာတွေ သတိထားမိလာမှာပါ . အားလုံးပဲ ကိုယ့်ရဲ့
ငွေကြေးကို ကိုယ်စီမံနိုင်ကြပါစေ .
.
No comments:
Post a Comment